လှိုင်းဘွဲ ဩဂုတ် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်မှ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းနှင့်တစ်ချို့ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအတွက် ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်များကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်မှူး ဦးဝင်းသန်းနှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ် အတွင်း ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ အိမ်ထောင်စု(၂၃၃၃)စု၊ လူဦးရေ(၅၅၄၀) အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ်(၂၉၂)အိတ်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


