ပုလဲ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမနှင့်အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်၉ရက် နံနက် ၉ နာရီက အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်COVID–19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm )ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm )ထိုးနှံပေးရာတွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်( ၆၅ )နှစ်နှင့်အထက်ရှိသူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/ ဈေးဝယ်များစသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။
ပုလဲမြို့နယ်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ(၇၅၀) ခွဲတမ်း ရရှိသောကြောင့် ဆေး(၁)လုံးလျှင် ၂ဦးနှုန်းဖြင့် သြဂုတ် ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အသက်( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသည့် လူဦးရေ(၁၀၉၄)ဦးကို ထိုးနှံပေးခဲ့ပြီး သြဂုတ်၉ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမ၌ လူဦးရေ(၂၉၀)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေ(၁၁၆)ဦး စုစုပေါင်း(၄၀၆)ဦးအား အားထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးလှထွဋ်နောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ငုဝါခိုင်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသက်( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထပ်မံရောက်ရှိမှုအပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်COVID–19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


