mdn

 

ကျောက်ဖြူ  သြဂုတ် ၉

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သြဂုတ်လ(၁) ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် ဈေးသူ၊ဈေးသားများကို ယနေ့နံနက် ၉ နာရီက အမှတ် (၃)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ  စန္ဒကူးခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များက ဆေးထိုးနှံရန် ရောက်ရှိလာကြသည့် ဘိုး/ဘွားများအား သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ စေတနာ့ဝန်ထမ်း Volunteer များက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ  ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိပြီး ယင်းကာကွယ်ဆေးအမျိုးအစားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ဆေး အမျိုးအစားဖြစ်သည်။

 

  ကျောက်ဖြူမြို့နယ်အတွင်းတွင် အဆိုပါကာကွယ်ဆေးများကို အသက်၆၅ နှစ်အထက်ဘိုး/ဘွား များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှတာဝန်ထမ်းဆောင်နေကြ သည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကစေတနာ့ဝန်ထမ်းများ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူများကို ဦးစားပေးအလိုက် ထိုးနှံပေးလျှက်ရှိပြီး သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၈)ရက်နေ့အထိ ပြည်သူစုစုပေါင်း ၃၈၀၅  ဦးတို့အား ထိုးနှံပေးထားပြီး ဖြစ်ကာ၊ သြဂုတ်လ (၉)ရက်နေ့တွင်လည်း သက်ကြီးအဘိုးအဘွားများ ၊မြို့ပေါ်ရပ်ကွက်များရှိဈေးများမှ စားသောက်ကုန်ရောင်းချနေသူများ၊ အဝတ်အထည်နှင့်အလှကုန်ရောင်း ချနေသူများ၊ ဟင်းသီးဟင်းရွက်နှင့် အသား/ငါး ရောင်းချနေသူများကို   သတ်မှတ်အုပ်စုအလိုက်  ဆက် လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။ 

 

 တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)