မိုင်းလုံ  သြဂုတ် ၉


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ် နိုင်ရန် အတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသာဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ဇူလိုင်လ ၁၃ ရက်မှ စတင်ကာ  ဖွင့်လှစ် ဆောင်ရွက်ထားရှိခဲ့သည်။


မိုင်းလုံမြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ထားရှိပြီး မြို့တွင်းသို့ဝင်ရောက် လာမည့် ခရီးသည် များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကိုရေးမှတ်ခြင်း၊ ထွက်ခွာလာသည့်ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ Mask များစနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း ၊ လက်များ ကိုစနစ်တကျဆေးစေခြင်းစသည့် ကျန်းမာ ရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပြီး Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ မိုင်းလုံမြို့အတွင်း လာရောက်ပါက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော ကိုဗစ်-၁၉ Vaccination Card၊ (၂)ပတ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးကင်းရှင်းကြောင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ကြောင်းထောက်ခံစာ စသည်တို့ကိုစစ်ဆေးလျက်ရှိပါသည်။ 


ထို့ပြင် Stay at Home သတ်မှတ်ထားသောမြို့နယ်များနှင့်  ပြည်ပနိုင်ငံမှ ပြန်လာသူများကို  အဆိုပါထောက်ခံချက်များမပါရှိပါက Quarantine Center တွင်ထားရှိသွားမည်ဖြစ်ကြောင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်မနက်(၆)နာရီမှ ည(၆)နာရီထိ ဖွင့်လှစ်ပြီး ကျန်းမာရေး ၀န်ထမ်းများ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများကအလှည့်ကျ စနစ်ဖြင့် နေ့စဉ်ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဇော်(ပတ္တမြားမြေ)