နေပြည်တော် ဩဂုတ် ၁၀

 

အစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုနှင့် ကပ်ရောဂါ ဖြစ်ပွားနေမှုအပေါ် မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ်နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိသည့် နေရာများကိုပါ ဦးတည်တိုက်ခိုက်မှုများအား ရက်စက်ယုတ်မာစွာ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

 

ထိုသို့ အကြမ်းဖက်မှုများ ဆောင်ရွက်ခဲ့ရာတွင် ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုပူးပေါင်းအဖွဲ့များမှ စစ်ဆေးခြင်းများ၊  ဆောင်ရွက်နေစဉ် နံနက် ၉ နာရီ မိနစ် ၄၀ တွင် အဆိုပါ ဂိတ်အနီး အစွန်းရောက် အကြမ်းဖက်သမားများ ကြိုတင်ထောင်ထားသည့် Remote မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ချိန်တည်းမှာပင် အစွန်းရောက်အကြမ်းဖက် သမားလေးဦး (စိစစ်ဆဲ) တို့က စစ်ဆေးရေးဂိတ်၏ အနောက် ဘက် ကိုက် ၁၅၀ ခန့်အကွာမှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထိုကဲ့သို့ Remote မိုင်း ဖောက်ခွဲကာ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် အဆိုပါ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး နောက်ကျောပေါက် ဒဏ်ရာ၊ နားရွက် ယမ်းစ ထိမှန်ဒဏ်ရာများ (စိုးရိမ်ရ) နှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် စည်ပင်သာယာ ဝန်ထမ်းတစ်ဦးတို့၏ ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ ပေါင်၊ ခြေထောက်နှင့် တင်ပါးဆုံတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင် ရေးကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် နံနက် ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အမှတ်(၅)ရပ်ကွက် ကျားဖြူခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သူနှစ်ဦးက မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လာရောက်၍ လက်လုပ်မိုင်း တစ်လုံးဖြင့် လာရောက်ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ကွန်ကရစ်အခင်း ငါးလက်မပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း နှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား ၏ သတင်းရရှိပါက အချိန်နှင့် တစ်ပြေးညီ သက်ဆိုင်ရာသို့  သတင်းပေးပို့ ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်