ပဲခူး ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ များမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများအား သွားရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် စက်မှုဇုန်နယ်မြေအတွင်းရှိ စိန်ဟင်္သာ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ၌ အလုပ်သမားဦးရေ ၁၅၀၊ Gread Men and Bell Mart အထည်ချုပ်စက်ရုံရှိ အလုပ်သမားဦးရေ ၂၀၀နှင့် PungKook လက်ကိုင်အိတ်နှင့် ကျောပိုးအိတ် ထုတ်လုပ်သည့်စက်ရုံရှိ အလုပ်သမားဦးရေ ၁၅၀၀ တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်ဆေးရုံ၌ အောက်စီဂျင်လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာ ၆၁ ဦး တက်ရောက်ကုသနိုင်ရန် အောက်စီဂျင် ပိုက်လိုင်းများ သွယ်တန်းပြီးစီးမှုနှင့် Flow Meter ၆၁ ခု တပ်ဆင်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လူနာများမရောက်ရှိမီ ဆေးရုံသန့်ရှင်းရေး အပြီးသတ်ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ လူနာများတွက် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး အောက်ဆီဂျင်အိုးများ သယ်ယူ/ ပို့ဆောင် မည့် မော်တော်ယာဉ်တစ်စီး စီစဉ်ပေးခဲ့ပြီး Oxygen Concentrator လေးလုံးအား ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်သို့လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအတွက် အသင့် သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအနီးရှိ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးဟောင်းအား ရောက်ရှိခဲ့ပြီး ၎င်းအဆောက်အုံအား တိုးချဲ့လူနာဆောင်အဖြစ် ဆောင်ရွက်နိုင်ရေးနှင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ ဂျိုးသိန်း နှစ်ထပ်လူနာဆောင်အား အောက်စီဂျင်ပိုက်လိုင်း အခု ၄၀၊ Flow Meter အခု ၄၀ တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


