မြို့သစ် ဩဂုတ်  ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့သစ်မြို့နယ်  ရပ်မိရပ်ဖများ၊  ပရဟိတအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ  မြေကွက်တွင်  အောက်ဆီဂျင်စက်ရုံ တည်ဆောက် နိုင်ရေးအတွက် စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တည်ဆောက်မည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h  အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၉၆ လုံးခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ    ထောက်ပံ့ပေးခြင်းဖြစ်ကာ   စက်တန်ဖိုးအနေဖြင့်  ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း၊  လိုအပ်သော  စက်ရုံတည်ဆောက်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရှိ မြို့မိမြို့ဖများနှင့် ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး    စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်းငွေကျပ် သိန်း ၆၅၀  ကျော် ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)