အထက်မင်းလှ ဩဂုတ်  ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုမှာ နေ့စဉ် မြင့်တက်လျက်ရှိသောကြောင့်  ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်သူများလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ဩဂုတ် ၁၁ ရက်က မင်းလှမြို့တာဘောင်ကြီးလမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။                  

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပြည်သူများနေအိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှုမရှိစေရေး၊  ဈေးဝယ်ထွက်ပါက တစ်အိမ်လျှင်တစ်ဦးနှုန်း ထွက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသွားလာရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင်လျှင် တစ်ဦးသာ နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်အားကိုင်ဆောင်၍ Mask စနစ်တကျ တပ်ဆင်သွားလာခြင်းရှိ/မရှိ  စစ်ဆေး၍ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ မင်းလှမြို့အဝင် ရွာတော်ကျေးရွာလမ်းဆုံနှင့် မလွန်တံတားထိပ်တို့၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစစ်ဆေးရေးဂိတ်များတွင်လည်း သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများ အား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

မင်းလှမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)