ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းရှိ ရေမြောင်းအား ရှင်းလင်းခဲ့သည်။
ရှင်းလင်းရာတွင် ရေမြောင်းအတွင်းရှိ မြောင်းချေးများ၊ ပိတ်ဆို့နေသော အမှိုက်များအား စနစ်တကျ ရှင်းလင်းခဲ့ပြီး ထိန်ပင်အမှိုက်ကုန်းသို့ အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက စနစ်တကျ ရှင်းလင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့် ချောင်းများနှင့် မြောင်းများကို မိုးရာသီကာလတွင် ရေးစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


