ဝန်းသို ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ လေဘိုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (Village Development Project)ဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအတိုင်းအတာမှာ အရှည်ပေ ၁၃၅၀၊ အကျယ် ၁၄ ပေနှင့် ထု ၆ လက်မဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (Village Development Project) ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ဦးဆောင်ကာ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လေဘိုကျေးရွာသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထပ်တိုးဆောင်ရွက်ခွင့်ရရှိသော ကျေးရွာဖြစ်ပြီး ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇူလိုင်လဒုတိယပတ်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (Village Development Project) ကျေးရွာပေါင်း ၂၅ ရွာထိ ရှိကာ ကျေးရွာ ၁၇ ရွာ၌ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ကျန်ရှိသောကျေးရွာ ရှစ်ရွာ၌ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)