ခင်ဦး ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်သီရိရပ်၊ ဝေပုလ္လာရာမကျောင်းသစ်ကျောင်းတိုက် ဆရာတော် ဝေပုလ္လာစာရ က ဦးစီးပြီး မြတ်သီရိလူမှုကူညီရေးအသင်း ဦးဆောင်သော အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုး ဖြစ်မြောက်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် Oxygen ပြတ်လပ်မှုမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ အလှူရှင်များက  ဩဂုတ် ၁၀ ရက်က Oxygen စက် (၁၀) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

Oxygen စက်များကို အများကောင်းမှုဖြင့် Oxygen concentrator (၄)လုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၆၆) သိန်းနှင့် ဆက်စပ်ပစ္စည်းများ၊ အောင်ချမ်းသာရပ်၊ ဒေါ်ဆယ်၏ (၁၀၁) နှစ်ပြည့် မွေးနေ့အဖြစ် Oxygen concentrator (၅) လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၈၅) သိန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ထိုင်းနိုင်ငံ၊ ဓမ္မကာယကျောင်း ဆရာတော် လုံဖီအစ်နှင့် ဒါယကာ၊ ဒါယိကာမများမှ ခင်ဦးမြို့ရှိ သံဃာတော်များအတွက် အရေးပေါ်အသုံးပြုနိုင်ရန် Oxygen concentrator (၁) လုံး တို့ကို ဆရာတော် ဝေပုလ္လာစာရထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ Oxygen စက်များကို ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော လူနာများအတွက် အသုံးပြုနိုင်ရန် ဩဂုတ်လ ၁၁ ရက်နေ့က ပေးပို့ထားပြီး အောက်ဆီဂျင်အိုးများဖြင့်လည်း လူနာများ အဆင်ပြေအောင် ဆောင်ရွက်လျက်ရှိကြောင်း ဆရာတော် ဝေပုလ္လာစာရ ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)