ကျွန်းလှ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အား အထွက်နှုန်းကောင်းပြီး ကုန်ကျစရိတ် သက်သာသော စပါးအစွမ်းဖွင့် စိုက်နည်းစနစ်(SRI)ဖြင့် စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“SRI စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧက မျိုးစေ့ နို့ဆီဘူး (၁၀)လုံးခန့် ကုန်ကျ၍ မျိုးဖိုးစရိတ် သက်သာကြောင်း၊ ပျိုးထောင်ရာမှာ မိမိတို့ နေအိမ်ဝန်းအတွင်း နှင့်တလင်းပြင် နေရာမျိုး၌ ပျိုးထောင်နိုင်ပြီး အလွယ်တကူ ပြောင်းရွေ့ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် တန်းကြား ပင်ကြား(၁၀ ၁၀)လက်မ ပတ်လည် အနည်းဆုံးထား သင့်ကြောင်း၊ အခြောက်ခံ စနစ်ကို ကျင့်သုံးသည့် အတွက်ရေအသုံးပြုမှု လျော့နည်းခြင်း၊ ကျန်းမာ သန်စွမ်းသော အပင်ဖြစ်ခြင်း၊ ပင်ပွား ထွက်ရှိမှုများခြင်းကြောင့် အထွက်နှုန်းတိုးခြင်း၊ ကိုယ်ပိုင် မျိုးစေ့ထုတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း” မြိုနယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။

“ဒီနှစ် မိုးစပါး မျိုးစေ့စံပြကွက်ကို SRI စိုက်နည်း စနစ်ဖြင့် ဧရာမင်း မျိုးစပါး(၄)ဧက စိုက်ပျိုးပါတယ်။ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှ နည်းပညာ၊ မျိုးစေ့နဲ့သွင်းအားစုများ ကူညီထောက်ပံ့ပေးပါတယ်။ ပျိုးထောင်ရာမှာ မြေ၊ အရင်းအနှီး၊ လုပ်အားခကအစ သက်သာပါတယ်။ တောင်သူများ အထွက်နှုန်း ကောင်းပြီး အမြတ်အများဆုံး ရရှိနိုင်တဲ့ အတွက် SRI နည်းစနစ်အသုံးပြုပြီး စိုက်ပျိုးသင့်ပါတယ်” ဟု ကြာတကန်ကျေးရွာ တောင်သူ ဦးမောင်ငြိမ်း ကပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးစပါး ၃၄၈၉၅ ဧက စိုက်ပျိုးရန် လျာထားပြီး၊ ယနေ့အချိန် အထိ ၁၆၈၀၃ ဧက စိုက်ပျိုးပြီးကြောင်း၊ SRI စိုက်နည်း စနစ်ဖြင့် ၁၈ ဧက စိုက်ပျိုး မည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ