မလှိုင် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုးဦးကာလတွင် စိုက်ပျိုးထားသော နှမ်းသီးနှံ များ မိုးခေါင်မှုကြောင့် ပျက်စီးသွားသည့် နှမ်းသီးနှံဧက ( ၁ဝ၁ဝ၇ ) ဧကအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ဆည်တိုကျေးရွာ၊ ဂိုဏ်းထောက်ဘုန်းကြီးကျောင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်တာဝန် ရှိသူများက အမှာစကားများပြောကြာပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက နှမ်းသီးနှံ ပျက်ဧကများ အတွက် နိုင်ငံတော်အစိုးရမှထောက်ပံ့ငေွပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ က ဆည်တို၊ အုပ်ကြီး၊ လဲတော၊ သိမ်ကုန်းကျေးရွာအုပ်စုများမှ တောင်သူများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
မလှိုင်မြို့နယ်၊ ကျေးရွာအုပ်စု ( ၆ )အုပ်စုရှိ ကွင်းပေါင်း(၆၄ )ကွင်း၊ ဦးပိုင်ပေါင်း(၄၈၈၅) မှ တောင်သူ( ၃၆၅၁)ဦး၏ မိုးခေါင်မှုကြောင့်ပျက်စီးသွားသည့် နှမ်းသီးနှံဧက (၁ဝ၁ဝ၇) ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ်(၅ဝဝဝ) နှုန်းဖြင့် ငွေကျပ်( ၅ဝ,၅၃၅,ဝဝဝ )ကိုထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


