တာချီလိတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၀၁ ဉီးကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အမျိုးသား ၂၀၀ နှင့် အမျိုးသမီး ၁၀၁ ဉီးတို့ဖြစ်ကြပြီး ၎င်းတို့အား တာချီလိတ်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန် ကိုးဉီးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၂၉၂ ဉီးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန် ကိုးဉီးကို အားကစားရုံ ခန်းမနှင့် ဝမ်လုံအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသား နေရပ်ပြန်များမှ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသည့် ၂၉၂ ဉီးအား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့် အားပေးစကားများပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


