ရမ်းဗြဲ ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ရမ္မာဝတီလူမှုကူညီရေးအသင်းနှင့် ပရဟိတလူငယ်များ စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားနေအိမ်များသို့ စားသောက်ကုန်များ ဆက်လက်ပံ့ပိုးကူညီလှူဒါန်းခြင်းကို ဩဂုတ် ၁၂ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ထားမှုများကြောင့် အခြေခံလူတန်းစားများ၏ နေထိုင်စားသောက်မှု အခက်အခဲများ မဖြစ်ပေါ်စေရန် ပရဟိတအဖွဲ့များက ရမ်းဗြဲမြို့၊ အမှတ်(၁)ရပ်ကွက်မှ အခြေခံလူတန်းစား အိမ်ထောင်စု ၉၀၊ အမှတ်(၆)ရပ်ကွက်၊ ညောင်ပင်လှရပ်မှ အိမ်ထောင်စု ၆၀နှင့် အမှတ်(၅) ရပ်ကွက်၊ တောင်ဥက္ကလာရပ်မှ အိမ်ထောင်စု ၆၀ စုစုပေါင်းအိမ်ထောင်စု ၂၁၀ အတွက် အခြေခံစားသောက်ကုန်များ ဆက်လက်လှူဒါန်း ကူညီပေးခဲ့ခြင်း ဖြစ်သည်။
စားသောက်ကုန်များ လှူဒါန်းပေးရာတွင် အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် ဆန် နှစ်ပြည်နှင့် ကြက်သွန် ၃၀ ကျပ်သားကို နေအိမ်များသို့ သွားရောက်ကာ လှူဒါန်းကူညီပေးခဲ့ကြ ကြောင်းသိရသည်။
အောင်နိုင်(ပြန်/ဆက်)


