ယင်းမာပင် ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အား စပါးအစမ်းဖွင့်စိုက်နည်းစနစ်(SRI)ဖြင့် စိုက်ပျိုးခြင်းကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ကွင်းအမှတ် ၈၆၈ (ခ) ငါးမောင်းကျေးရွာ တောင်သူ ဦးနေအောင်၏ စိုက်ကွင်းတွင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“SRI နည်းစနစ်နဲ့ စိုက်ပျိုးရာတွင် တစ်ဧကအနေနဲ့ နို့ဆီဘူး ၁၀ လုံးခန့်နဲ့ စိုက်ပျိုးပါတယ်၊ စိုက်ပျိုးတဲ့နေရာမှာ တန်းကြားပင်ကြား (၁၀×၁၀) လက်မပတ်လည် အနည်းဆုံးထား စိုက်ပျိုးရပါတယ်၊ ပျိုးပင်များကိုလည်း အလွယ်တကူ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီးတော့ SRI စိုက်နည်းနဲ့စိုက်ပျိုးခြင်းဖြင့် မျိုးဖိုးကုန်ကျစရိတ်လည်း သက်သာတယ် ၊ ပင်ပွားထွက်ရှိမှု များတဲ့အတွက်လည်း အထွက်နှုန်းပိုတိုးတာပေါ့ ၊ ကိုယ်ပိုင်မျိုးစေ့တွေကိုလည်း ထုတ်ယူနိုင်တယ် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူများကို နည်းပညာ၊ မျိုးစေ့နဲ့ သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များကို ကူညီထောက်ပံ့ပေးပါတယ်၊  SRI စိုက်နည်း စနစ်မှာ ရေကို အမြဲဖုံးလွှမ်းနေစရာ မလိုဘဲ အစိုတစ်လှည့် အခြောက်တစ်လှည့်စီ ပြုလုပ်ထားပေးရတာပေါ့၊ အော်ဂဲနစ်မြေဩဇာ အသုံးပြုရတာဖြစ်တဲ့အတွက် အပင်များ ကျန်းမာကြံ့ခိုင်ပြီး ပိုးမွှားရောဂါ ကျရောက်မှုနှုန်းလည်း လျော့နည်းစေပါတယ်၊ ရေအတွက်ကတော့ ရေအများကြီး မသုံးရတဲ့အတွက် ချွေတာနိုင်တယ်၊ မြေအောက်ရေ သုံးတဲ့အခါမှာ မြေပျက်စီးမှုကိုလည်း ကာကွယ်နိုင်တယ်၊ အဲဒါတွေကြောင့် SRI စိုက်နည်းစနစ်ကိုအသုံးပြုပြီး စိုက်ပျိုးသင့်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်ခင်မာချိုက ပြောပြသည်။

ယင်းမာပင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ဧက ၃၀၇၀၀ စိုက်ပျိုးရန် လျာထားခဲ့ပြီး ဩဂုတ် ၁၃ ရက်အထိ မိုးစပါစိုက်ဧက ၁၈၇၈ ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကာ SRI နည်းစနစ်ဖြင့် ၁၀ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုးမိုး(ယင်းမာပင်)