မအီ ဩဂုတ် ၁၃

ယခုလဆန်းပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ရှိ မအီစက်တော်ရာသွားလမ်း ကွန်ကရစ်လမ်းများ ကွဲအက်ပျက်စီး၊ ကျိုးပျက်မှု ရှိခဲ့ကြောင်း မအီစက်တော်ရာ ဂေါပက ဉက္ကဋ္ဌ ဦးဝင်းလွင်ထံမှ သိရသည်။ 

အဆိုပါ ကွန်ကရစ်လမ်းကို ရတနာ့မာရ်အောင်ဓမ္မရိပ်သာများ၏ နာယက ဆရာတော် အဂ္ဂမဟာ ကမ္မဌာနစရိယ ဝနဝါသီအရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)က  ဦးဆောင်ကြီးမှူးဒါနပြု၍ နိုင်ငံတစ်ဝန်းမှ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ခင်းကျင်းခဲ့ခြင်းဖြစ်ကာ လမ်းဖွင့်ပွဲကိုလည်း မတ် ၂၇ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မအီစက်တော်ရာသွားလမ်း ကွန်ကရစ်လမ်းမှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့်
လမ်းပခုံးမြေများ သိုသိပ်မှုမရှိ၍ ရေတိုက်စားခြင်း၊ လမ်းဘေးမြောင်းမှ ရေကျော်ပြီး လမ်းပေါ်သို့မြေစာအမှိုက်များ၊ ရွှံ့နုံးမြေများတင်ကျန်၍ လမ်းလျှော်ခြင်း၊ တောင်ကျရေ တိုက်စားမှုကြောင့် ကွန်ကရစ်လမ်းအောက်မှမြေကြီးများ ရွေ့လျားမှုရှိ၍ ကွန်ကရစ်လမ်းများ ကွဲအက်ခြင်းနှင့် ကျိုးပျက်မှုများရှိခဲ့ကြောင်း သိရသည်။
 
“ယခုလဆန်းက မိုးသည်းထန်စွာ နှစ်ပတ်နီးပါးရွာသွန်ခဲ့မှုကြောင့် လမ်းပျက်စီးခဲ့ရခြင်းဖြစ်ပြီး ပျက်စီးသွားတာက မြွေဟောက်ချောင််းမှာ တစ်နေရာ၊ စနဲချောင်းဖျားမှာ တစ်နေရာ၊ ကြိုးဆွဲတောင်မှာ နှစ်နေရာနှင့် စက်တော်ရာဘက်အပိုင်းက လေးနေရာလောက် ပျက်စီးခဲ့ကြောင်း၊ ယခု ပျက်စီးမှု အားလုံးကို မြောက်ဦးဆရာတော်၏ ကြီးမှူးစီစဉ်ဆောင်ရွက်မှုဖြင့် ကျွန်တော်တို့က ပြန်လည်ပြုပြင် နေပါပြီ၊ လမ်းပြင်ဖို့ ယန္တရားတွေကိုတော့ မအီမြို့က မိဘဂုဏ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမိသားစုနဲ့ အမ်းမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ကူညီလုပ်ကိုင်ဆောင်ရွက်ပေးကြပါကြောင်း၊ စက်တင်ဘာလကုန်ပိုင်းလောက်မှာ လမ်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေကို အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း”  မအီစက်တော်ရာ ဂေါပက ဉက္ကဋ္ဌ ဦးဝင်းလွင်က ပြောပြသည်။
  
မအီစက်တော်ရာသွားလမ်းမှာ ကွန်ကရစ်လမ်းစတင်ရာ အမ်း-မအီလမ်းပိုင်း စနဲကျေးရွာမှ ၉ မိုင် ၆ ဖာလုံ ရှည်လျားပြီး မအီမြို့မှ စက်တော်ရာအထိ ၁၆ မိုင် ၆ ဖာလုံ ကွာဝေးကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)