ကြို့ပင်ကောက် ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ အောက်စီဂျင်စက်ရုံစောက်လုပ်မည့် လျာထားမြေနေရာများနှင့် ကျွဲဘိအနောက်ကျေးရွာ မှော်ဘီ-၃ မျိုးစေ့ထုတ် စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ အောက်စီဂျင်စက်ရုံ ဆောက်လုပ်မည့် လျာထားမြေနေရာများဖြစ်သော တိုင်းရင်းဆေးရုံမြေနေရာနှင့် မြို့နယ်ပြည်သူ့ဆေးရုံမြေနေရာတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပြည်သူ့ဆေးရုံမြေနေရာတွင် အောက်စီဂျင်စက်ရုံ ဆောက်လုပ်ရန် သင့်တော်ကြောင်း၊ ကိုဗစ်ကုသရေးစင်တာ သံဃာဆောင်ကိုလည်း တိုးချဲ့ဆောက်လုပ်နိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်တို့အား မှာကြားပြီး မြို့နယ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်အလှူရှင်းများမှ ဦးဆောင်ဆောက်လုပ်မည့် အောက်စီဂျင်စက်ရုံအတွက် လိုအပ်သောထရန်စဖော်မာ 100 KVA တစ်လုံးကို တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် အသင့်သောက်လက်ဖက်ရည်ထုပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ပရဟိတလူငယ်များအား ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် အသင့်သောက်လက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိအနောက်ကျေးရွာ မှော်ဘီ-၃ မျိုးစေ့ထုတ်ဧက ၃၀ စိုက်ခင်းအားကြည့်ရှုပြီး ဓာတ်မြေဩဇာ အိတ် ၃၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


