သီပေါ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ကျေးရွာ များဖြစ်သည့် ကြံခင်းကျေးရွာနှင့် ဆားတွင်းကျေးရွာများရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးသီးနှံ စံပြစိုက်ခင်းများသို့ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးစပါးမျိုးစေ့ထုတ်ဧကများ စိုက်ပျိုးမှုကို သီပေါမြို့နယ် ဆားတွင်းကျေးရွာရှိ လယ်များတွင် ဧက ၃၀နှင့် ကြံခင်ကျေးရွာရှိ လယ်များတွင် ဧက ၂၀ စုစုပေါင်းဧက ၅၀ ကို စိုက်ပျိုးထားလျက်ရှိပြီး အဆိုပါ မိုးစပါး မှော်ဘီ နှစ်မျိုးစေ့ထုတ်၊ မျိုးသန့်ပွား စံပြစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရေး၊ မျိုးရောနှောမှု မရှိစေရေး၊ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်နုတ်ခြင်း၊ ရောဂါပိုးမွှားမကျရောက်စေရေး၊ ကျရောက်ပါက ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဇော်ဝင်း၊ သီပေါမြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများက တောင်သူပညာပေး ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရသည် တောင်သူများ အနေဖြင့် ကိုဗစ်-၁၉ကာလတွင် မျိုးမဝယ်ယူရဘဲ မျိုးကောင်းမျိုးသန့်ရရှိစေရန်၊ ဒေသတွင်း မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်လာစေရန်၊ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိမှုကို လက်တွေ့ကျကျ သိရှိလာစေရန်၊ စပါးအထွက်နှုန်း တိုးပွားကာ ဈေးကောင်း ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စိုက်ခင်းများ အဆင့်အတန်းပြည့်မီစေရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေး တာဝန်ခံများက နေ့စဉ်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(ပြန်/ဆက်)


