နေပြည်တော် ဩဂုတ် ၁၃

 

ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အဆိုပါရုံးပိတ်ရက်များအတွင်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၂၀၅)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂)စီးဖြင့် (၃၆)တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့် (၁၀)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၅) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၆၁၅၄) ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator)(၃၃၁) ခု၊ PPE ဝတ်စုံ(၃၁၆၈၀)၊ လက်အိတ် (၁၂)တန် နှင့်နှာခေါင်းစီး (Mask) (၃၉) တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၂၂)ခု မှ ယာဉ်စီးရေ (၅၂)စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၆၆၄) တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၁၆၆) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၇၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၄) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၈၉၈၃၃) ခု၊ Oxygen Plant (၂၂) ခု၊ အောက်ဆီဂျင် (Generator) (၁၀) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၇၃၈၅)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE (၄၃၂၃၃၂)စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၄၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ်(၁၃)ရက်အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း (၆၇) စီးမှာ ရန်ကုန်မြို့သို့ အစီး(၅၀) ၊ မန္တလေးမြို့သို့ (၁၁)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ မော်လမြိုင်မြို့သို့ (၃)စီး ၊ သထုံမြို့ သို့ (၁)စီး ဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း (၃၀) မှာ လားရှိုးမြို့သို့ (၅) ခု၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ ပဲခူးမြို့သို့ (၄) ခု၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီဖြစ်ကြောင်း သိရှိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများပြည်သူများသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)