နေပြည်တော် ဩဂုတ် ၁၃

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့ နံနက်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ငလိုက်ကန်သာ Resort သို့ ရောက်ရှိပြီး ဟိုတယ်အခန်းများကို ကြည့်ရှုကာ အထွေထွေမန်နေဂျာနှင့် ဧည့်ကြိုဝန်ထမ်းများကို တွေ့ဆုံ၍ ဟိုတယ်ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပြီးဖြစ်ခြင်း၊ ဒေသအဆင့် အသိအမှတ်ပြုဆိုင်ရာ သင်တန်းများ တက်ရောက်ပြီးဖြစ်သဖြင့် ယခုနိုင်ငံအဆင့် အသိအမှတ်ပြုလက်မှတ်များအတွက် လိုအပ်သည်များကို အမြန်ဆုံးဖြည့်ဆည်းပြီး လျှောက်ထားဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ခရီးသွားများ လာရောက်အပန်းဖြေလည်ပတ်လေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၁၇)မိုင်အနီးရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသော ငလိုက်စခန်းသာဆင်စခန်းသို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဉီးစိုးနိုင်နှင့် တာဝန်ရှိသူများက ဆင်စခန်းဖွင့်လှစ်ဆောင်ရွက်ထားရှိမှုကို လိုက်လံရှင်းလင်းပြသပြီး  ပြည်ထောင်စုဝန်ကြီးက ဆင်ပြတိုက်နှင့် ဆင်ကပြဖျော်ဖြေမှုများကို ကြည့်ရှု၍ ဆင်ဖြည့်စွက်စွာ ကျွေးမွေးရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ကာ ရွက်အုပ်ဖြတ်လျှောက် သစ်သားတံတားကို ကြည့်ရှုသည်။

 

အဆိုပါ ဆင်စခန်းသည် (၅၇၃) ဧက ကျယ်ဝန်းကာ ဆင်ကောင်ရေ (၁၉)ကောင်ရှိပြီး တံတားအရှည် (၃၂၇) ပေ အရှည်ရှိသည့် ရွက်အုပ်ဖြတ်လျှောက် သစ်သားတံတားနှင့် အရှည် (၄၈၁၇)ပေရှိသည့် တောတွင်းဖြတ်လျှောက် လမ်းများပါရှိကာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ခြင်းပညာကို အနီးကပ်လေ့လာ ဆည်းပူးခွင့်နှင့် ဆင်စီး၍ တောတောင်သဘာဝလေ့လာခွင့် ရရှိခံစားနိုင်မည်ဖြစ်၍ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေအနားယူနိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်။

 

ယမန်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည်  နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အမရဟိုတယ် Imperial ခန်းမ၌ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် Quarantine Hotel များမှ အထွေထွေမန်နေဂျာများကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ Social Distancing စနစ်ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)