နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးဇုန်နှင့် စားသောက်ကုန်ထုတ်စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကပိုင်းက အားကောင်း သောရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနများက လိုအပ်သောပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေး နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဒေါက်တာချာလီသန်းတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာကြသူများက စီမံကိန်းလုပ်ငန်း ဆိုင်ရာများကို အသေးစိတ် တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးတွင် စီမံကိန်းမြေနေရာသတ်မှတ်ဆောင်ရွက်နေမှုနှင့် စီမံကိန်းတွင်ပါဝင်မည့် အဆောက်အအုံ ဆိုင်ရာများ၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ၊ သီးနှံများသယ်ယူခြင်း၊ သန့်စင်ထုပ်ပိုးခြင်းနှင့် အအေးခန်း သိုလှောင်ခြင်းဆိုင်ရာများ၊ နိုင်ငံတကာ၏ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တန်ဖိုးမြှင့် ထုတ်လုပ်မည့် စက်ရုံလုပ်ငန်းဆိုင်ရာများ၊ သုတေသနဓာတ်ခွဲခန်း ထားရှိဆောင်ရွက်ရန်ကိစ္စရပ်များ၊ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက်နှင့် ရိတ်သိမ်းပြီး နောက်ပိုင်းကာလ လုပ်ငန်းစဉ်များတွင် စက်ကိရိယာ များအသုံးပြုနိုင်ရေး၊ သွင်းအားစုများ တစ်နေရာတည်းတွင် ရရှိရေးအတွက် စိုက်ပျိုးရေးအခြေခံ စက်မှုဇုန် လုပ်ငန်းဖော်ထုတ် ဆောင်ရွက်ရေး၊ နည်းပညာအသိပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)


