ရွာငံ သြဂုတ် ၁၄
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ မြပေါစောကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ကျေးရွာမတည် ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေးကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်က ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှု၊ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် နိုင်ငံတော်မှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြဌာန်းထားသော ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကျေးရွာနေပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကျေးရွာစိတ်ဓာတ်ဆောင်ပုဒ် အကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမတည်ရန်ပုံငွေ ကျပ် (၂၀၇) သိန်းကို ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
မြပေါစောကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦးအတွက် ငွေကျပ် ၁၄၅ သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၆ ဦးအတွက် ငွေကျပ် ၂၉ သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ ၅ ဦးအတွက် ငွေကျပ် ၃၃ သိန်း စုစုပေါင်း ၃၇ ဦးထံသို့ ရန်ပုံငွေကျပ် (၂၀၇) သိန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးအပ်ခဲ့ကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်ထံမှ သိရသည်။
ငြိမ်းသူ


