ကန်ပက်လက် ဩဂုတ် ၁၄

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မတ်လ ပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကန်ပက်လက်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် မြို့နယ်အတွင်းရှိ အောက်ဗွီတုံ၊ ငကြဲ၊ ဆေကေး၊ ခပ်ဒိုင်း၊ ခုပ်၊ ခွဲသာ၊ ရှိနှော်ကျင်း ကျေးရွာများတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊  ပြည်သူထည့်ဝင်ငွေများဖြင့်  ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း နှစ်ခု၊ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း သုံးခု၊ သစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ခုနစ်ခုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်ထံမှ သိရသည်။

 

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှစတင်၍  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာစုစုပေါင်း (၁၉) ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၉) ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးကျော်