မိုင်းယု ဩဂုတ် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ အစေးခြစ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုအတွက် နှစ်စဉ် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ တိုးပွားလျက်ရှိသည်။
မိုင်းယုမြို့တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ လယ်နှင့် နှစ်ရှည်ရော်ဘာပင်များကို အဓိကအားထား စိုက်ပျိုးပြီး လယ်များတွင် စပါးစိုက်ပျိုးထားပြီဖြစ်၍ ယခုအခါ မိမိတို့၏ နှစ်ရှည်ရော်ဘာခြံများအတွင်း ဝင်ရောက်ကာ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို တဖန်ပြန်လည် လုပ်ကိုင်ကာ ရရှိလာသည့် ရော်ဘာအစေးအစိုများကို ဒေသတွင်းကုန်သည်များထံ ပြန်လည်ရောင်းချနေကြကြောင်း၊ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို ဧပြီ (တတိပတ်) မှ နိုဝင်ဘာအထိ လုပ်ကိုင်လျက်ရှိပြီး ကျန်လများတွင် ရော်ဘာခြံအတွင်း ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းများသာ လုပ်ပေးလျက်ရှိကြောင်း၊ မိုင်းယုတွင် နှစ်ရှည်ရော်ဘာပင်များ ဧကများစွာ စိုက်ပျိုးထားလျက်ရှိပါကြောင်း ရော်ဘာစိုက်ပျိုးသူထံမှ သိရသည်။
ရရှိလာသည့် ရော်ဘာအစိုနှင့် အစိမ်းပြားများကို တောင်သူအချို့မှာ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစား ရော်ဘာပြားထုတ်လုပ်စက်ရုံသို့ ရောင်းချကြသော်လည်း အများစုအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချကြကြောင်းနှင့် ယခုလတ်တလောတွင် ကိုဗစ်ရောဂါ အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားအား ယာယီပိတ်ထား၍ တောင်သူတို့ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစားရော်ဘာပြား ထုတ်လုပ်စက်ရုံတို့တွင်သာ ရောင်းချနေလျက်ရှိကြောင်းနှင့် ယခုနှစ် လက်ရှိ ရော်ဘာစေးအစို တစ်ကီလိုလျှင် ငွေကျပ် ၁၀၀၀ ထိရရှိပြီး ကြိတ်ပြီး ရော်ဘာအစိမ်းပြား တစ်ကီလိုလျှင် ကျပ် ၁၃၀၀ နှင့် ၁၅၀၀ အကြား ပေါက်ဈေးရှိကြောင်း အသေးစား ရော်ဘာပြား ထုတ်လုပ်စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။
ကိုကိုနိုင်(မိုင်းယု)


