ဖားကန့်၊ သြဂုတ် ၁၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၁၃ ရက် ညနေပိုင်းက ဥရုချောင်းရေ မြင့်တက်လာခဲ့သဖြင့် ဖားကန့်မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၃ ရက်မှစ၍ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကံဆီးချောင်းရေအမှတ် (၅) ပေအထိ ရောက်ရှိခဲ့ရာ ဖားကန့်မြို့၊ မြို့မရပ်ကွက်အနိမ့်ပိုင်းတွင် ရေ (၁) ပေခွဲခန့်၊ ငှက်ပျောတောရပ်ကွက် အနိမ့်ပိုင်းတွင် ရေ (၂) ပေခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဥရုချောင်းရေ ဆက်လက်မြင့်တက်လာပါက ရေများဝင်ရောက်နိုင်သည့် ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေး နှိုးဆော်အသိပေး ဆောင်ရွက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ၊ လူအင်အားစုဖွဲ့ထားရှိမှု အခြေအနေများနှင့် ယာယီရွှေ့ပြောင်းထားရှိရန် နေရာများ စီစဉ်ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဥရုချောင်းရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ဖားကန့်မြို့ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက ရေများအားလုံး ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်(ပြန်/ဆက်)


