တောင်ကြီး  သြဂုတ်  ၁၄

လာအိုနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ဒေသအသီးသီးသို့ ပြန်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည်  ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ ယနေ့ နံနက်  ၄ နာရီ အချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center) တောင်ကြီးစီးပွားရေးဇုန်၊ ကားကြီးကွင်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် မော်တော်ယာဉ် ဆယ်နှစ်ဘီကား ၄  စီးဖြင့် ရောက်ရှိလာခဲ့ပြီး အမျိုးသား (၂၀၁)ဦး၊ အမျိုးသမီး (၁၁၃)ဦး၊ စုစုပေါင်း(၃၁၄) ဦးရှိကာ ၎င်းတို့အား တောင်ကြီးခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ရှမ်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center)တောင်ကြီး စီးပွားရေးဇုန်၊ ကားကြီးကွင်း၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပြီး ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ဆက်လက်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရာတွင် တောင်ကြီးခရိုင်အတွင်းရှိ ရပ်စောက်မြို့မှ ရွှေ့ပြောင်းအလုပ်သမားများကို ယာဉ်ငယ်လိုင်း တစ်စီးဖြင့်လည်ကောင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်များမှ နေထိုင်သူများကို နေရပ်ဒေသအသီးသီး ဒို့ညီနောင် ခရီးသည်တင် မော်တော်ယာဉ်လိုင်းကား ၇ စီးဖြင့် တောင်ကြီးမြို့မှ ဆက်လက်ထွက်ခွာရာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)