ကော့သောင်း သြဂုတ် ၁

ကမ္ဘာနှင့်အဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် ကော့သောင်း(မြန်မာ)-ရနောင်း (ထိုင်း)နယ်စပ် ကုန်စည်ကူးသန်းရောင်းဝယ်မှု အချိန်ကန့်သတ်ချက်များကို ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသအာဏာပိုင်များက နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်အချိန် အနည်းငယ်တိုးမြှင့် ဖြေလျှော့ ပေးကြောင်း သြဂုတ် ၁၃ ရက်က သိရသည်။

အချိန်တိုးမြှင့်သတ်မှတ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားစဉ်ကာလကတည်းက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသတစ်ခုဖြစ်သည့် ကော့သောင်းရနောင်း နယ်စပ်ကူးသန်းသွားလာမှုကို ပိတ်သိမ်းထားခဲ့ပြီး ဒေသတွင်း ပြည်သူများ စားဝတ်နေရေးအခက်အခဲများ အဆင်ပြေစေရန် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို အချိန်အကန့်အသတ်ဖြင့် ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုရောင်းဝယ်မှုများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ ကော့သောင်းမြို့၏ အဓိက ရေထွက်ကုန် ငါး၊ ပုစွန်များကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းတွင် ရောင်းချရာတွင် လည်းကောင်း၊ ကော့သောင်းဘက်မှ နေ့စဉ်အသီးအရွက်နှင့် စားသုံးကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာတွင် လည်းကောင်း ငါးရောင်းလှေနှင့် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်နေသော လှေကြီး လှေငယ်များကို နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းသာ ရောင်းဝယ်ခွင့်ပြုထားရာ အချိန်လုံလောက်မှုမရှိသဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်သူများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသအာဏာပိုင်များက နှစ်နိုင်ငံ အခြေခံလူတန်းစားများ၊ ကုန်စည်ကူးသန်းရောင်းဝယ်သူများ လုပ်ငန်းအဆင်ပြေစေရန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများကို အချိန်တိုးမြှင့်သတ်မှတ် ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တင်းကျပ်စွာတားမြစ်ထား ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်နိုင်ငံပြည်သူများ အပြန်အလှန် မဖြစ်ပွားစေရန် ကုန်စည်ပို့ဆောင် ရောင်းဝယ်သူများ၊ လှေလုပ်သားများကိုမူ ထိုင်းနိုင်ငံ ဆိပ်ကမ်းပေါ်သို့ တက်ရောက်ခွင့်မပြုဘဲ ကုန်စည် ပို့ဆောင်သည့် လှေပေါ်တွင်သာ နေထိုင်ရောင်းဝယ်ကြရန် တင်းကျပ်စွာ တားမြစ်ထားကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)