ငဖဲ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ဩဂုတ် ၁၅ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေပိုလွှဲမှရေကျော်ကျနေမှု ၀.၆ ပေ ပြန်လည်လျော့နည်းကျဆင်းလာကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။
"ကျွန်တော်တို့ မန်းချောင်းရေလှောင်တမံမှာ ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၆ ရက်နေ့အထိ မိုးရေချိန် ၇.၀၆ လက်မရွာသွန်းခဲ့တဲ့အတွက် ဆည်အတွင်းကို တောင်ကျချောင်းရေနဲ့ မိုးရေအဝင်များပြီး ရေပြည့်မှတ် ရောက်လာတာဖြစ်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ရေပိုလွှဲမှ ၀.၅ ပေအမြင့်နဲ့ စတင်ရေကျော်လာခဲ့ရာ ၁၃ ရက်နေ့ထိ ၀.၈ ပေ အထိရေကျော်ခဲ့ပြီး ယနေ့မှာ ၀.၆ ပေအမြင့်ခန့်သာ ရေကျော်ကျမှုရှိပါတယ်။ ဒါကြောင့် မန်းတမံအောက်ဘက် ပြည်သူတွေအနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ မန်းတမံဝန်ထမ်းများကလည်း တမံရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက်ရှိပါတယ်" ဟု ဦးစီးမှူး ဦးအောင်ကိုဦး က ပြောသည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် မန်းဆည်အထက်ပိုင်းတွင် မိုးရွာသွန်းမှုပိုမိုများပြားခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုများခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၆၂၅ အထက် ၀.၆ ပေခန့်ရှိခဲ့ပြီး တမံအတွင်း မိုးရေဝင်ရောက်မှုလျော့နည်းခဲ့သဖြင့် တမံရေပြည့်မှတ်ထက် ၀.၆ ပေ ရေကျော် ကျမှုရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများအား ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)


