စဉ့်ကိုင် သြဂုတ် ၁ ၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာများသောက်သုံးရေလိုအပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာနအနေဖြင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပင်းချားကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအား ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ပင်းချားကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံ ငွေကျပ် (၁၅ ဒသမ ၄) သန်းဖြင့် တင်ဒါအောင်မြင်သည့် (Mega Glory)ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ၄ လက်မ ဒိုင်ရာမီတာ၊ အနက် ၄၀၀ ပေရှိ စက်ရေတွင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ ရေစင်ရုံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းများ အဆင့်မြင့်တင်ခြင်း ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊ ကျေးလက်ရေရှိရေး၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးခြင်း စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်)


