ပွင့်ဖြူ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူ စားသုံးရာတွင် အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ကာလ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း ရောင်းချခြင်း ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြ ရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)


