ပေါက်ခေါင်းသြဂုတ်၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၂၃  ဦးရှိလာကြောင်း မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့တွင် ပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာပေါင်း ၉၄၄ ဦးရှိပြီး ကိုဗစ်- ၁၉ ရောဂါဖြင့်  သေဆုံးသူပေါင်း ၂၂ ဦးရှိကာ ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၂၃ ဦးရှိပြီးဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ယာယီကုသရေး စင်တာများတွင် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူအတူ နေ မိသားစုဝင်များအား အသွားအလာကန့်သတ်၍ Quarantine စင်တာများတွင် ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း ကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာ သွားလာရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသ ကုသရေးတို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် သက်ဆိုင်ရာမှတိုက်တွန်းနှိုးဆော်ထားရှိကြောင်းသိရသည်။

ဥမ္မာကျော်