ရန်ကုန် သြဂုတ် ၁

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပါဝင်အားပေးကူညီမှု၊ မတည်အလှူရှင်များနှင့် အလှူရှင်အသီးသီးတို့၏ လှူဒါန်းငွေများဖြင့် ကွက်သစ်ရပ်ကွက် ဘုရင့်နောင်လမ်း ကွက်သစ်မာလာရာမ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်ဖြစ်သည်။

အသုံးပြုနိုင်မည် အဆိုပါ တည်ဆောက်မည့်အောက်ဆီ ဂျင်စက်မှ တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အိုးကြီး ၁၀ လုံးခန့် ထွက်ရှိမည်ဖြစ်ကာ တစ်ရက်လျှင် လီတာ ၄၀ဆံ့ အိုးကြီးအလုံး ၂၀၀ခန့် ထွက်ရှိမည်ဖြစ်သည်။ ယင်းအောက်ဆီဂျင်စက်သည် သြဂုတ် ၂၅ ရက် တွင် ရောက်ရှိမည်ဖြစ်၍ သြဂုတ်လ အကုန်တွင် တပ်ဆင်ပြီးစီးပြီး စက်တင်ဘာလတတိယပတ်တွင် စတင်လည်ပတ်ကာ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲအသုံးပြုနိုင်မည် ဖြစ်သည်။

စက်ရုံ တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်းပေါင်း ၁၈၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ပေးဆပ်သူတို့ဆုံဆည်းရာ စိန်ရတနာ နာရေးကူညီမှုအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် တွဲဖက်အတွင်းရေးမှူး ဦးကြည်မြင့်တို့က ပြောကြားသည်။

ဉာဏ်ဟိန်း