ယင်းမာပင် ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ် (၁၄)ရက်မှ (၁၅)ရက်အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၁၂၀၀) ထိုးနှံပြီးစီးကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင်လူဦးရေ(၂၀၀၀)ဦး၊ ဩဂုတ် (၇)ရက် ၊ (၈)ရက်နေ့နှင့် (၉) ရက်နေ့များတွင် လူဦးရေ(၁၅၀၀) ထိုးနှံပေးနိုင်ခဲ့ပြီး ယခုထပ်မံရောက်ရှိလာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm)ဆေး အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ (၆၀၀)အား လူဦးရေ (၁၂၀၀)ကို ယင်းမာပင်မြို့ အထကကျောင်းတွင် (၁) နေရာ၊ ရွှေတောင်ဦး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် (၁)နေရာ စုစုပေါင်း စုရပ် (၂) နေရာသတ်မှတ်၍ ထိုးနှံ ပေးခဲ့ရာ ဩဂုတ်လ (၁၄) ရက်နေ့တွင် (၇၄၁) ဦး ၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် (၄၅၉)ဦး၊ စုစုပေါင်း (၁၂၀၀) အားကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထပ်မံရောက်ရှိလာပါက ကျန်ရှိသော ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေး တို့အတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာအထူးကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုလျော့နည်းစေရေး အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းလုပ်ငန်း များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စိုးမိုး(ယင်းမာပင်)


