mdn

ရန်ကုန်    ဩဂုတ်    ၁၆
    
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု  မရှိစေရန်နှင့် ဆေးဝါးများကို သာမန်ဈေးနှုန်း ထက် ပိုမို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင် များ၌ ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၉)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
    
စစ်ဆေးရာ ဈေးနှုန်း မှန်ကန်စွာ ရောင်းချစေရေးနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေးဆိုင်များအား အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ဆေးဆိုင်များတွင် ဆေးဝါးများအား သာမန်အချိန် ရောင်းချသည့် ဈေးနှုန်းထက် ပိုမို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ တစ်ပတ်အတွင်း ဖြန့်ဝေ ရောင်းချသည့် ပမာဏထက်ပို၍ သိုလှောင်ထားခြင်း ရှိ/မရှိ၊ ဆေးဝယ်လာသူများ နှာခေါင်း စည်း များတပ်ဆင်ထားမှုရှိ/မရှိ၊ဆေးဆိုင် များတွင်လည်း ကိုဗစ်-၁၉ရောဂါ အသိပညာပေး  ထုတ်ပြန် ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စသည့်တို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
    
“ကျွန်တော်တို့ ဆေးဆိုင်တွေအားလုံးကို လိုက်လံစစ်ဆေးတာပါ၊တချို့ဆေးဆိုင်တွေက ပိတ် ထားတယ် ပြန်လည်ဖွင့်လှစ်ဖို့ လိုက်လံနှိုးဆော်ပါတယ်၊အခက်အခဲရှိရင် ကူညီဆောင်ရွက်ပေးဖို့ တိုင်ပင်ပါတယ်၊ပြည်သူများ ကျန်းမာရေးအတွက် ဆေးဆိုင်တွေအားလုံးဖွင့်ပြီး ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် လိုပါတယ်၊ဖွင့်တဲ့ ဆေးဆိုင်တွေကလဲ ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖို့လိုပါတယ်ဟု မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းတစ်ဦးက ပြော သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှလည်း ပရဟိတအသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)