ထန်းတပင် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာသဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက တပြေးကျေးရွာနှင့်မြို့အတွင်းရှိ ရပ်ကွက်များရှိလမ်းဆုံလမ်းခွများနှင့်လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ မိမိတို့အိမ်တွင်ပြင်ပမှလာသောဧည့်သည်များလက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြား သူများထံ သွားရောက်ခြင်းမပြုကြရန်၊မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊လူစုလူဝေးပြုလုပ်ခြင်း၊သွားလာခြင်းကို ရှောင်ကြပါ၊တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်း နှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း ၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ ၊မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့်အချက်များပါဝင်သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်းကိုထန်းတပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


