နေပြည်တော် ဩဂုတ် ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၁၅ ရက် ည ၈ နာရီတွင် ကလေးမြို့ စုပေါင်းရုံးအနီး ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ပင်သာရပ် အိမ်အမှတ်(၂၇/၄)တွင် အိမ်ငှား နေထိုင်သူ ဇော်ရဲအောင် (စိစစ်ဆဲ) သည် အဆိုပါ ခြံဝင်းအတွင်း၌ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ၎င်း၏ ယာလက်မောင်း၊ ဝမ်းဗိုက်နှင့်အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏အနီးမှ ပေါက်ကွဲထားသည့် Keypad ဖုန်းနှင့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းငှားရမ်းနေထိုင်သော နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး၊ ဆားကစ်ပြား၊ ဝိုင်ယာကြိုးတို့ဖြင့် ချိတ်ဆက်ထားသည့် Keypad ဖုန်း ခုနစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်း ရရှိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်မိုင်း တပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် ဇော်ရဲအောင်၏ အလောင်းကိုရဲလုပ်ငန်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး ပူးပေါင်းပါဝင် ပတ်သက်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်