မြိတ်   ဩဂုတ်   ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများသုံးစွဲလျက်ရှိသည့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ သိုလှောင်၍ ဈေးကစားခြင်းမရှိစေရေးနှင့် ဈေးနှုန်းများမှန်ကန်စွာ ရောင်းချရေးအတွက် ဩဂုတ်လ(၁၆)ရက် နေ့လယ်ပိုင်းက ဆေးနှင့် ဆေးပစ္စည်းများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆေးအရောင်းဆိုင်များ၊ ဆေးကုမ္ပဏီများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ဈေးကွက်ထဲမှာ ဆေးတွေ မပြတ်လပ်စေဖို့အတွက် ရောင်းချမှုအခြေအနေ၊ တချို့ ဆေးဆိုင်တွေက ပြည်သူတွေလိုအပ်လို့ လာဝယ်တာ မရောင်းပေးဘဲ သိုလှောင်ပြီး ဈေးကစားတာ ဈေးတင်ပြီးရောင်းချတာတွေ မဖြစ်စေရေးတို့အတွက် ထိန်းတဲ့အနေနဲ့ ဆေးနှင့်ဆေးပစ္စည်း ရောက်ရှိမှုနှင့် ဈေးကွက်အခြေအနေတွေကို စိစစ်တာဖြစ်ပါတယ်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စွာမင်း က ပြောသည်။

 ဆေးဆိုင်များမှ  လတ်တလော ဆေးများကိုထိန်းပြီး ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊  ပြည်သူလူထုတစ်ဦးချင်းအား အိမ်သုံးအတွက် လိုအပ်သလောက်သာ ရောင်းချပေးရန်၊ ဆေးဆိုင်များတွင် ပြည်သူလူထုအား ကိုဗစ်-၁၉ ညွှန်ကြားချက်နဲ့အညီ ရောင်းချကြရန်နှင့် စည်းကမ်းလိုက်နာမှုမရှိသူများအား ရောင်းချခြင်းမပြုရန် စိစစ်ရေးအဖွဲ့မှ မှာကြားခဲ့သည်။

မြိတ်မြို့နယ်တွင် လက်လီလက်ကား ဆေးအရောင်းဆိုင်(၁၅၀)ကျော်ရှိပြီး ဆေးကုမ္ပဏီ()ခုရှိကြောင်း၊      လက်လီလက်ကားရောင်းချနေသော ဆေးဆိုင်အကြီးများသည် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ မြိတ်မြို့တွင် အခြေခံစားကုန်နှင့်ဆေးဝါး  ဈေးနှုန်းများကို ဈေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီက ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး  ဈေးနှုန်းတိုးမြှင့်ရောင်းချသော ဆိုင်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )