ချောင်းဦး     ဩဂုတ်   (၁၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံ အထွက်နှုန်းတိုးတက်မြင့်မားပြီး တောင်သူများ ဝင်ငွေ အမြတ်အစွန်း ပိုမိုရရှိစေရန်အတွက် ဝါစိုက်ပျိုးထားရှိသော ပဲပြစ်တောကျေးရွာ၊ ဘူတာကျေးရွာနှင့် နွယ်ခွေ ကျေးရွာများသို့ ဩဂုတ်လ (၁၇)ရက် နံနက် (၇)နာရီက သွားရောက်ပြီး ကွင်းဆင်းကြည့်ရှု့ခဲ့သည်။

မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ ပေါင်းမြက်ကင်းစင်စေရေးအတွက် ဝါစိုက်ခင်းများ၌ ကွင်းဆင်း ကင်းထောက်မှတ်တမ်းယူခြင်းများ ဆောင်ရွက်ပြီးနောက် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပြီး ဝါစိုက်ခင်းများတွင် ပေါင်းမြက်နှိမ်နင်းခြင်းကို ဝါပင်သက်တမ်းအလိုက် စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် ဘက်စုံ ပိုးမွှားရောဂါကာကွယ် နှိမ်နင်းနည်းစနစ်များ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။

ချောင်းဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါများဖြစ်သည့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေချည်(၉)ဝါမျိုးများနှင့် ဝါကြီးများ စိုက်ပျိုးထားရှိသည့်အပြင် Raka စပ်မျိုးဝါများကိုပါ စမ်းသပ်စိုက်ပျိုးထားရှိပါကြောင်း ၊ ယခုနှစ်တွင် ဝါဈေးကွက်နှင့် ရာသီဥတုပေါ်မူတည်၍ ဝါစိုက်ပျိုးဧက (၆၀၀၀)ကျော် စိုက်ပျိုးထားရှိရာ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ အပင်များ အောင်မြင်ဖြစ်ထွန်းမှု ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း၌  ဝါသီးနှံများကို မိုးကောင်းသောဒေသများတွင် စိုက်ပျိုးလျက်ရှိရာ   မိုးကြို ကာလ ဝါသီးနှံများ ဆွတ်ခူးလျက်ရှိပြီး ဝါအထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ (၄၀၀)ကျော်ခန့် ထွက်ရှိကာ ဝါတစ်ပိဿာလျှင် (၁၃၅၀)ကျပ် ရရှိတာကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် ဝါသီးနှံစိုက်ပျိုးခြင်းအတွက် အဆင်ပြေကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ)