မုဒုံ ဩဂုတ် ၁၈

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ကာလ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက မုဒုံမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မုဒုံမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို သွားရောက်ကာ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ  ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

 

အောင်မျိုးသူ(ပြန်/ဆက်)