ရေနံချောင်း ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ကန်သာကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဩဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယအကြိမ်မြောက် စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းနှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာနေပြည်သူများကို စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး ကျေးရွာရှိ စီမံကိန်းဝင် အသင်းသားဦးရေ ၁၂၈ ဦးအား စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဒုတိယအကြိမ် စီမံကိန်းချေးငွေကျပ် စုစုပေါင်း ကျပ် ၃၀၄ သိန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ထုတ်ချေး ဆောင်ရွက်ပေးခဲ့သည်။
ရေနံချောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများအပေါ် ပြန်လည်တုံ့ပြန် ဆောင်ရွက်ပေးသည့်အနေဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ကာ လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချလိုသူများ၊ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


