ကျောက်ပန်းတောင်း၊ ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတလူငယ်များနှင့် အလှူရှင်များ စုပေါင်း၍ ပြည်သူမှ ပြည်သူသို့ လှူဒါန်းခြင်းအစီအစဉ်အဖြစ် ဩဂုတ် ၁၈ ရက် နံနက် နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီး၌ အိမ်ထောင်စု (၂၀၀၀)အတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ပရဟိတအသင်းများသို့ ဆန်နှင့် မီးဖိုချောင်သုံး ဟင်းအမယ်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ကျွန်တော်တို့ အစကတော့ အလှူရှင်တွေလည်း ပီတိဖြစ်အောင်ဆိုပြီးတော့ မြို့လယ်က EPC ရုံးရှေ့မှာ လူနည်းနည်းလောက်ကို ကိုယ်တိုင် လက်ရောက်ပေးလှူကြမယ်ပေါ့ဗျာ။ ကျန်တာကိုတော့ ရပ်ကွက်တွေမှာရှိတဲ့ ပရဟိတအသင်းတွေကနေတဆင့် ပေးလှူသွားမယ်ပေါ့ ဒီလိုစီစဉ်ထားတာဗျ။ ကြေညာတာလည်း ဒီအစီအစဉ်အတိုင်း ကြေညာထားတာပဲ၊ ဒါပေမဲ့ လူတွေက ဘယ်လိုနားလည်မှု လွဲသွားကြတယ်မသိဘူး။ မနက်စောထဲက ဒီ EPC ရုံးရှေ့မှာ တော်တော်များများရောက်လာကြတယ်ဒါ့ကြောင့် မလိုအပ်ဘဲ လူစုလူဝေးဖြစ်သွားရင် ကျွန်တော်တို့လည်းမကောင်းဘူး၊ မြို့နယ်တာဝန်ရှိသူတွေလည်း မကောင်းဘူးဒါနဲ့ပဲ လက်ရောက်ပေးလှူမဲ့ အစီအစဉ်ကိုဖျက်ပြီး အားလုံးကို ပရဟိတအသင်းတွေကနေပဲ လှူတော့မယ်ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် တမ္ပဝတီဈေးသစ်ကြီးမှာပဲ ပရဟိတအသင်းကားတွေပေါ်ကို သူတို့ပေးတဲ့စာရင်းအတိုင်း လွှဲပြောင်းပေးမယ်ဆိုပြီး လုပ်လိုက်တာပါ။ ဒီနေ့လှူတဲ့ တန်ဘိုးအနေနဲ့ကတော့ ဆန်အလှူရှင်တွေ လှူတာက (၈၅)အိတ် တစ်အိတ်ကို ပျမ်းမျှ (၃၀၀၀၀)နှုန်းနဲ့ဆို ဆန်တန်ဘိုးက (၂၅)သိန်းပေါ့ကြက်ဉနဲ့ ကုန်စိမ်းတန်ဘိုးက (၃၅)သိန်း စုစုပေါင်းသိန်း (၆၀)ဘိုးပေါ့ဗျာနောက်ထပ်လည်း အလှူခံရရှိမှုအပေါ် မူတည်ပြီး ဆက်လှူသွားဦးမှာပါဟု ပရဟိတညီအကိုများအဖွဲ့မှ ကိုသက်ဝင်း(သန့်စက်သုံးဆီ)က ပြောသည်။ ယနေ့လှူဒါန်းမှုတွင် အခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀၀)အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရပြီး၊ တစ်အိမ်ထောင်လျှင် ဆန်()ပြီ၊ ကြက်ဥ ()လုံး၊ ဂေါ်ဖီ ()ထုပ်၊ ပန်းမုန်လာ ()ထုပ်နှင့် မုံညင်း၊ အာလူး၊ ရွှေဖယုံသီး၊ ခရမ်းသီး၊ ဂေါ်ရခါးသီး အစရှိသည့် မီးဖိုချောင်းသုံး ဟင်းအမယ်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ပရဟိတလူငယ်ညီအကိုများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်၍ မြို့ပေါ်နှင့် စည်ပင်သာယာဈေးများတွင် ပိုးသတ်ဆေးဖျန်းရန် ဆေးဖျန်းစက်များ ပထမဦးစွာဝယ်ယူ၍ အခမဲ့ဆောင်ရွက်ပေးခဲ့ကြပြီး ယခု ကိုဗစ်-၁၉ တတိယလှိုင်းတွင်လည်း မြို့ပေါ်တွင် အရေးပေါ်လိုအပ်နေသည့် အောက်ဆီဂျင်ရရှိရေးအတွက် အခြားမြို့များသို့ သွားရောက်ရှာဖွေဝယ်ယူကာ သုဂတိရှင်အသင်းနှင့် ချိတ်ဆက်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ယခုအခါ သုဂတိရှင်အသင်းရုံးတွင် အောက်ဆီဂျင်စက် ဝယ်ယူတပ်ဆင် ဖြန့်ဝေနိုင်သောကြောင့် မြို့နယ်အတွက် အောက်ဆီဂျင်လိုအပ်ချက် ပြည့်မီနေပြီဖြစ်သည့်အတွက် စားသောက်ရေးခက်ခဲနေသည့် အခြေခံအိမ်ထောင်စုများအတွက် ပြည်သူမှပြည်သူသို့ လှူဒါန်းခြင်းအစီအစဉ်ကို အလှူခံရရှိငွေများဖြင့် ဆက်လက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)