ဇီးကုန်း သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဇီးကုန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်(၁၀)ဆိုင်အား ယနေ့နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အခြားဆေးဝါးများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဆိုင်များအားလုံး နေ့စဉ် ပုံမှန်ရောင်းချစေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဆေးဆိုင်များ၏ ဆေးဝါးနှင့် ဆေးပစ္စည်းလက်ကျန် စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက်လိုအပ်ချက် စာရင်းပြုစုခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့်စက်ရုံများ၏ အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးပေးခြင်း၊ ဆေးဝါး၊ ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကုမ္ပဏီနှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီ ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူခြင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ကုန်ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် မူဝါဒဆိုင်ရာအခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍လမ်းညွှန်မှုခံယူ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် စက်ရုံများ၏ အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဆေးဆိုင်များအား လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး အာကာဖြိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုစခန်းမှူး ရဲအုပ်ထွန်းဦးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


