ဟားခါး ဩဂုတ် ၁၈

 

ချင်းပြည်နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဩဂုတ် ၁၆ ရက်တွင် ကျင်းပသည့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်းရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ကိုဗစ်၁၉ ကူးစက်ခံရသူအချို့သည် ဆေးရုံများသို့ မသွားရောက်ဘဲ မိမိနေအိမ်အတွင်း၌ပင် ကျိတ်၍ ကုသမှုများကြောင့် ကူးစက်မှုများသည့်အတွက် မိမိနေအိမ်တွင် ကုသမှုမလုပ်ဘဲ သက်ဆိုင်ရာ ဆေးရုံများသို့ ပြသလာစေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ဟာခါးမြို့နှင့် မတူပီမြို့များတွင် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် Plant များ ယခုလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြေပြိုနိုင်သည့်နေရာ၊ လမ်းသားပဲ့ကျတတ်သည့် နေရာများတွင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ ဆေးရုံများတွင် ရေမြောင်းများ ရေမပိတ်အောင် ချုံနွယ် ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များမရှိအောင် ရှင်းလင်းထားရန်လိုကြောင်း၊ ဆေးရုံတွင် လိုအပ်ချက်ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန် အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ကိုဗစ်၁၉ ပိုးတွေ့လူနာများ ထောက်ပံ့ပေးမှုနှင့် စေတနာ့ဝန်ထမ်းများ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မှု၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင် Plant ပြုပြင်ရန် စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်ပြည်သူ့ဆေးရုံများတွင် အောက်ဆီဂျင်အိုးများ ထပ်မံခွဲဝေပေးရန် ဆောင်ရွက်မှုနှင့် မြို့နယ်အလိုက် အရန်ဆန်ဝယ်ယူသိုလှောင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)