ရန်ကုန်၊ ဩဂုတ် ၁၈
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေး ခန်းမ (၄) ၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက ကိုဗစ်ရောဂါကုသရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများအားပေးအပ်လှူဒါန်းကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ မြို့တော်ဝန် ဦးဗိုလ်ဌေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ အလှူငွေပေးအပ် ပွဲသို့ အလှူရှင် (၇၁) ဦးမှ Oxygen Regulator (၄)လုံးနှင့် ငွေကျပ်-၉၈သိန်း ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


