နေပြည်တော် ဩဂုတ် ၁၈
မြန်မာနိုင်ငံ တွင် ၂၀၀၀ ပြည့်နှစ်အထိ သရက်၊ ကြံခင်း၊ ဘားအံမြို့တို့တွင်သာ ဘိလပ်မြေစက်ရုံများ ရှိခဲ့ကြောင်း၊ ယခုအခါ ပြည်တွင်းဘိလပ်မြေစက်ရုံ စုစုပေါင်း (၁၉) ရုံ ရှိလာပြီဖြစ်၍ (၁) နှစ်လျှင် ဘိလပ်မြေ တန်ချိန် (၇) သန်းမှ (၉) သန်းခန့်ထိ ထုတ်လုပ် နိုင်သဖြင့် ပြည်ပမှ (၁) နှစ်လျှင် ဘိလပ်မြေ တန်ချိန် (၁) သန်းခန့် တင်သွင်း နေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ Vitual စနစ်ဖြင့် ကျင်းပသော ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်း အဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ထိုကဲ့သို့ ပြောကြားခြင်းဖြစ် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး တည်ဆောက် ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ဘိလပ်မြေများကို စွမ်းအင် အသုံးပြုမှု အနည်းဆုံးဖြင့် ထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်ရမည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားများ ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပြီး အရည်အသွေး၊ စံချိန်စံညွှန်း သတ်မှတ်ချက်များ ပြည့်မီအောင် ထုတ်လုပ်ကြရန် တိုက်တွန်းပါကြောင်း၊ ပြည်တွင်း ဘိလပ်မြေ စက်ရုံများအနေဖြင့် စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရေးအတွက် တွေ့ကြုံ နေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက စက်ရုံအလိုက် စံချိန်စံညွှန်းများ သတ်မှတ် ဆောင်ရွက်ထားရှိမှု၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ဈေးကွက် ဝေစုရရှိမှု၊ စွမ်းအင်လောင်စာနှင့်ပတ်သက်သည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု အကျိုးစီးပွားများ ထိခိုက်မှု မရှိစေရေးအတွက် စီမံဆောင်ရွက်ထားရှိမှုကို အပြန် အလှန် ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


