ရန်ကုန် ၊ ဩဂုတ် ၁၈

ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ ဆိပ်ကမ်း အာဏာပိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Union Resources & Engineering Co.,Ltd. (UREC)ထံ မှာယူခဲ့သော တွန်း/ဆွဲရေယာဉ်သစ်နှစ်စီး ယနေ့နံက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆင်မင်း-၁နှင့် ဆင်မင်း-၂ အမည်ပေးထားသော အဆိုပါ တွန်း/ဆွဲရေယာဉ်နှစ်စီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးဆိပ်ကမ်းမှ ဩဂုတ် ၂ ရက်နေ့တွင်  ရန်ကုန်မြို့သို့ စတင် ထွက်ခွာခဲ့ပြီး  စင်္ကာပူနိုင်ငံ၌ ရေယာဉ်ဆီဖြည့်ခြင်းနှင့် ရိက္ခာဖြည့်တင်းခြင်း ဆောင်ရွက်၍ ဆက်လက်မောင်းနှင်ခဲ့ရာ ယနေ့နံက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွန်း/ဆွဲ ရေယာဉ်သစ်များတည်ဆောက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင်ပြုချက်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ် ယူခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် Union Resources & Engineering Co.,Ltd.( UREC )က အမေရိကန်ဒေါ်လာ ၁၃ ဒသမ  ၅၆သန်း ဖြင့် တင်ဒါအောင်မြင်ခဲ့ရာ မြန်မာဆိပ်ကမ်း အာဏာပိုင်နှင့် UREC တို့သည် ၂၀၁၉-ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် လုပ်ငန်းစာချုပ်ချုပ်ဆိုခဲ့သည်။

စာချုပ်ပါစည်းကမ်းချက်နှင့်အညီ ရေယာဉ်နှစ်စီးကို စင်္ကာပူအခြေစိုက် Sea Tech Solutions International Pte.,Ltd က တာဝန်ယူရေးဆွဲပေးသည့် ဂျပန်နိုင်ငံ အသိအမှတ်ပြုရေယာဉ်ဒီဇိုင်းဖြင့်  ကွမ်းကျိုးပြည်နယ်ရှိ Shunhai Shipyards Lt. က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

တွန်းဆွဲရေယာဉ်များသည် အလျား၃၄မီတာ၊ အကျယ်၁၁ဒသမ၆မီတာ ၊ ရေစူး၄ မီတာရှိပြီး မြင်းကောင်ရေ ၂၅၀၀ ရှိသော ဂျပန်နိုင် ငံထုတ် Yumma အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ တွန်း/ဆွဲ ရေယာဉ်နှစ်စီး၏အမြန်နှုန်းမှာ တစ်နာရီလျင် ရေမိုင် ၁၂မိုင်နှုန်းမောင်းနှင်နိုင်သောကြောင့် ရန်ကုန်ဆိပ်ကမ်းတွင် ဝင်ထွက်/ထွက်သွား လာကြသော  အပြည်ပြည်ဆိုင်ရာကုန်တင် သင်္ဘောကြီးများအား တွန်း/ဆွဲခြင်း လုပ်ငန်းများကို ထပ်မံအားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရေယာဉ်နှစ်စီး တည်ဆောက်မှုမှာ ၁၈လကြာမြင်ခဲ့ပြီး ၂၀၂၁-ခုနှစ်၊ မေလ၂၂ရက်နေ့တွင် တည်ဆော က်မှုပြီးစီး၍ စမ်းသပ်မောင်းနှင်မှုအောင်မြင်ခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း၏ ရေလမ်းကြောင်း ကောင်းမွန်မှုကြောင့် ယခင်ထက်ရေစူးနှင့် တန်ချိန်ပိုမိုသည် သင်္ဘောကြီးများဝင်/ ထွက်သွားလာလျက်ရှိပြီး ယခုကဲ့သို့ နည်းပညာမြင့်မား၍ စွမ်းဆောင်ရည်ကောင်းမွန်သော တွန်း/ဆွဲရေယာဉ်များကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဘေးကင်းလုံခြုံစွာသွားလာနိုင်သော ဝန်ဆောင်မှုကောင်းများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး ညိမ်းသူ 
(သတင်းစဉ် )