မြိတ် ဩဂုတ်  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ အရန်သင့် စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိသည်။

“ မြိတ်မြို့မှာရှာဖွေကယ်ဆယ်ရေးတပ်စု(၂)စု အင်အား(၇၀)ရှိပါတယ်။ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပစ္စည်း တွေကို တပ်ဖွဲ့ဝင်တွေ ကိုင်တွယ်အသုံးပြု နားလည်တတ်ကျွမ်းအောင် အပတ်စဉ်လေ့ကျင့်မှုတွေ ဆောင်ရွက်နေပါ တယ်။ လက်တွေ့နယ်ပယ်မှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ တပ်ဖွဲ့ ဝင်တွေ အမြဲတမ်းထိတွေ့ ဆောင်ရွက်နေမှသာ လုပ်ငန်းအောင်မြင်မှာဖြစ်တဲ့အတွက် လေ့ကျင့်ရေးကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါတယ်”ဟု မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း က ပြောသည်။

မြိတ်ခရိုင်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၁)စီး၊ လူနာ တင်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းမျိုးစုံဖြင့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ် ရေးတပ်စု(၂)စုကို စုဖွဲ့ထားရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို တစ်ဦးချင်း ကျွမ်းကျင်လျင်မြန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်အတွက် သင်ကြားလေ့ကျင့်ခြင်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။

ရှာဖွေကယ်ဆယ်ရေးယာဉ်တွင် ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်ဖွဲ့ဝင်တစ်ဦးချင်း နားလည် တတ်ကျွမ်း ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ခြင်းနှင့်အတူ လူနာသယ်ဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းကို သင်ကြားလေ့ ကျင့်ပေးလျက်ရှိကြောင်း၊ ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မြိတ်ခရိုင်မီးသတ်စခန်းမှ အချိန်နှင့်တစ်ပြေးညီ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကယ်ဆယ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)