ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၉
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ဩဂုတ် ၁၈ရက်က ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေးယာဉ်ဖြင့် မြို့နယ်ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်း သင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း စုစုပေါင်း ဆန်အိတ် ၉၁ အိတ်နှင့် ဆီဘူး ၁၂၀ တို့ကို ခနောင်တိုအရှေ့ရပ်ကွက်၊ လေသာကွင်းကျောင်းလမ်းနှင့် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ စလင်းကျောင်းတိုက်ရှေ့တို့တွင် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)


