အုတ်တွင်း   သြဂုတ်   ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ နေ့စဉ်မြင့်တက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ဩဂုတ် ၁၉ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကြွယ်ဂံကျေးရွာ၊ ကွမ်းသီးခြံကျေးရွာများသို့ လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံရန်၊ ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေရန်၊ နှာခေါင်းစည်း(Mask)မတပ်ဆင်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ နေအိမ်ပြူတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင်စွန့်ပစ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများအနေနှင့် ရောဂါကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ